ပွင့်ဖြူ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်တိုက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ သွားလာတတ်စေရန် ရည်ရွယ်၍ မြို့နယ်လမ်းဦးစီးဌာနက မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့များ ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့တွင်း လေးတိုင်စင်လမ်းဆုံနေရာတွင် စုရပ်ပြုလုပ်၍ စက်တပ်ယာဉ်များ စီးနင်းသွားလာသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းသန်းထက်နှင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပွင့်ဖြူမြို့တွင်း လေးတိုင်စင်လမ်းဆုံနေရာတွင် စုရပ်ပြုလုပ်ကာ ပွင့်ဖြူ - စလင်း - မင်းဘူး - မကွေးသွား ကားလမ်းမတစ်လျှောက် ဖြတ်သန်းသွားလာသော မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများအား ရပ်တန့်စေပြီး ယာဉ်မောင်းနှင်သူများနှင့် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသွားပြည်သူများကို စက်တပ်ယာဉ်များ စီးနင်းသွားလာရာ၌ ယာဉ်တိုက်မှုအန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ မောင်းနှင်သွားလာကြရန်၊ မြို့တွင်းဖြတ်သန်းသွားလာရာတွင် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သွားလာခြင်း မပြုရန်၊ မီးပွိုင့်နေရာများတွင် ဆင်ခြင်သတိပြု မောင်းနှင်သွားလာကြရန်၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျ တပ်ဆင်၍ မောင်းနှင်ကြရန်နှင့် နှစ်ဦးထက် ပိုမိုစီးနင်း သွားလာခြင်းများ ရှောင်ကြဉ်ကြရန် စသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပြီး ယာဉ်အန္တရာယ်ကင်းဝေးစေရေး ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြပြီး စက်တပ်ယာဉ်များတွင် ယာဉ်စည်းကမ်းပညာပေး ရောင်ပြန်စတေကာများကို ကပ်ပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)