ကျိုက်ထို ဇန်နဝါရီ ၁၁
ကျိုက်ထိုမြို့နယ်၌ (ဒုတိယ) အကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဌာန်းမြတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို သာသနာတော်နှစ် ၂၅၆၆ခု ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ် နတ်တော်လပြည့်ကျော်(၅)ရက် ဇန်နဝါရီ (၁၀)ရက်နံနက်၉နာရီတွင် ကျိုက်ထို မြို့နယ်ဆုတောင်းပြည့်ရွှေဘုံသာဘုရားဝင်းသာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿ (သုံးကြိမ်) ရွတ်ဆိုဖွင့်လှစ်၍ ကျိုက်ထိုမြို့ ဂူကျောင်း ဆရာတော်ဘဒ္ဒန္တမဏ္ဍလမှမြတ်စွာ ဘုရားအားပင့်ဖိတ်လျှောက်ထားပြီးဝါးကျောင်း ဆရာတော် ဘဒ္ဒန္တသုမနသီရိမှငါးပါးသီလ ချီးမြှင့်ခဲ့သည်။
ယင်းနောက် စိန်ဘုံသာကြီးကျောင်းဆရာတော်ဘဒ္ဒန္တ ဦးဇောတိကမှနတ်ဗြဟ္မာများအား ပင့်ဖိတ်၍ ဆရာတော်သံဃာတော်များနှင့် ပဌာန်းဒါယကာများက ပဌာန်းပစ္စယုဒ္ဒေသ(၂၄) ပစ္စည်းအားသံပြိုင်ရွတ်ဖတ်ပူဇော်ပြီး အလှည့်ကျ ဘာဏကသံဃာတော် အရှင်သူမြတ်ဝါးကျောင်းဆရာတော် ဘဒ္ဒန္တသုမနသီရိမှ မဟာပဌာန်း မြတ်အားစတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။
ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ အဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်ဇော်နှင့်အဖွဲ့ဝင်များက အလှူရှင်များနှင့်အတူ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်နှင့်အသံမစဲ မဟာပဌာန်းမြတ်ရွတ်ပွားပူဇော်ပွဲကို ဆုတောင်းပြည့် ဘုရားဂေါပကအဖွဲ့မှ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး (၇)ရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ကျိုက်ထို (ပြန်/ ဆက်)