ပွင့်ဖြူ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ၊ ရသ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက “မင်္ဂလာရှိပါစေ’’သီချင်း သီဆို၍ အကအလှများဖြင့် အခမ်းအနား ဖွင့် လှစ်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလူဝင်းက အဖွင့် အမှာစကား ပြောကြားကာ ကျောင်းအုပ်ဆရာကြီး ဦးချမ်းအေးအောင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကာယ၊ ဉာဏ၊ ရသ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူ (၅၂) ဦးတို့အား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလူဝင်း၊ ကျောင်းအုပ်ဆရာကြီး ဦးချမ်းအေးအောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကာ ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော် အကအလှများဖြင့် ဧည့်ခံဖျော်ဖြေ၍ စုံညီပွဲတော်သို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိ၊ ရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများစုံညီစွာ တက်ရောက်အားပေးကာ ပျော်ရွှင်စွာဆင်နွဲခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)