မအီ ဇန်နဝါရီ ၁၀
မအီမြို့တွင် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် (၇)ရက်သားသမီးများ၏ ကောင်းမှု အလှူတို့ဖြင့် တည်ထားကိုးကွယ်သည့် မာရ်ငါးပါးစေတီတော်များနှင့် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာ၌ အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ(၈)ရက်၊ ပြာသိုလဆုတ် (၃)ရက်နေ့က ရတနာ့မာရ်အောင် ဆံတော်ရှင်စေတီတော်မှ စတင်၍ ဆရာတော် သံဃာတော်များက ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြရာ ယမန်နေ့ နံနက်(၉)နာရီအချိန်က စံကောပြင်ကွင်းအရပ်ရှိ သက္ကျမာရ်အောင် စေတီတော်မြတ်၌ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ပဌာန်းပူဇော်ပွဲ အခမ်းအနားကို မြောက်ဦးဆရာတော်ကြီးမှူးသည့် ဆရာတော် သံဃာတော်များက ရောင်ခြည်တော်ဖွင့် ဂါထာတော်နှင့် ပဌာန်းပစ္စယ နိဒ္ဒေသ၊ ပဌာန်းပစ္စယ ဥဒ္ဒေသတို့အား ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ကြွရောက်လာကြသည့် တရားနာပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုကန်တော့၍ ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များက ပဌာန်း ဒေသနာတော်အား ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ယနေ့ နံနက်ပိုင်းက ရေစက်သွန်းချ ပဌာန်းသိမ်းပွဲကို ဆက်လက်ကျင်းပရာ ဥက္ကံတောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဇောတထံ၌ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်များက မေတ္တာသုတ်တရားတော်အား ဟောကြားတော်မူခဲ့ကြသည်။ ထို့နောက် ဆရာတော် သံဃာတော် တို့အား နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူန်ဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ ကင်းခြေရွာမ ဆရာတော်က တရားလာရောက်နာကြားရန် ဖိတ်ကြားထားသည့် နတ်ဗြဟ္မာတို့အား တရားတော်ဖြင့် ပြန်ပို့ခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းပြီး အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။
ဖော်ပြပါ ပဌာန်းပူဇော်ပွဲများကို မြောက်ဦးဆရာတော်ဘုရားကြီး၏ မိန့်မှာချက်အရ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ဌာနဆိုင်ရာများက ပဌာန်းပူဇော်ပွဲတိုင်း၌ ဆရာတော် သံဃာတော်များ၏ ဆွမ်း ခဲဘွယ် ဘောဇဉ်နှင့် ဝေယျာဝစ္စ အဝဝတို့အား တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ ပူဇော်ခဲ့သည့် သက္ကျမာရ်အောင်စေတီတော် အသံမစဲမဟာပဌာန်းပူဇော်ပွဲ၌ ပင့်သံဃာ(၁၈)ပါးတို့က ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြပြီး သံဃာတစ်ပါးလျှင် မြောက်ဦးဆရာတော်ဘုရားကြီးမှ နဝကမ္မ အလှူငွေ (၃၀၀၀၀)ကျပ်၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မအီမြို့၊ လျှပ်စစ်ရုံးမှ (၂၀၀၀၀)ကျပ်စီ ကပ်လှူပူဇော်ခဲ့ ကြကြောင်း၊ ဆက်လက်၍ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို မအီမြို့ ပတ်ဝန်းကျင်ရှိ ဇိနမာရ်အောင်၊ မင်္ဂလမာရ်အောင်၊ လောကမာရ်အောင် ထူပါရုံငြိမ်းချမ်းရေးစေတီတော်များ၌ ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်သွားမည်ဖြစ်ပြီး ရတနာမာရ်အောင် တောရဓမ္မရပ်သာရှိ အဓိဌာန်အောင် ဆုတောင်းပြည့်ဘုရားကြီး၌ (၃)ရက်၊ စုစုပေါင်း အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲများကို (၉)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ မြို့အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
မောင်မောင်ဌေး(ပြန်/ဆက်)