ဘီးလင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ

ဘီးလင်း ဇန်နဝါရီ ၁၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့နှင့် ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ဘီးလင်းမြို့နယ် အထက (ခွဲ) လိပ်ခုံးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ် လိပ်ခုံးကျေးရွာ အထက(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမိက အဖွင့်အမှာစကားပြောကြားပြီး ​အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းရွှေက လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးဒေါ်ဇင်ဖြူဝင်းက စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးညီလွင်အေးက ကုန်ပစ္စည်းအညွှန်းနှင့် ဆိုးဆေးများအန္တရာယ်အကြောင်းတို့ကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့​​ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုကာကွယ်တားဆီးရေး၊ မူးယစ်‌ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်ရေး စိတ်ကြွရူးသွပ်ဆေး များ၏အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကွမ်းစားသုံးခြင်းနှင့် စည်းကမ်းမဲ့ကွမ်းတံထွေးထွေးမှုများ ကျဆင်းပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်း သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

 ထူးနောင်(ပြန်/ ဆက်)