ခန္တီးမြို့တွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ နေကြာသီးနှံတွင် ယူရီးယား၊ နွားချေး ရောစပ်ဖျော်ရည် ပက်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

ခန္တီး ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်စိုက်ပျိုးရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ နေကြာသီးနှံအထွက်နှုန်းတိုးစေရန်နှင့် တောင်သူများအနေဖြင့် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိုးကျ ရောစပ်အသုံးပြုတတ်စေရန်ရည်ရွယ်၍ နေကြာသီးနှံတွင် ယူရီးယား၊ နွားချေး ရောစပ်ဖျော်ရည် ပက်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲကို ပေါမိုင်းရပ်ကွက်၊ အောင်သာရပ်၊ ဦးတင့်ဆန်းလွင်၏ နေကြာ    စိုက်ခင်းတွင် ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်က ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ခရိုင်မျိုးစေ့တာဝန်ခံ ဦးဝင်းကျော်ထွန်းက ယူရီးယား၊ နွားချေး ရောစပ်ဖျော်ရည် ရောစပ်ပုံနည်းစနစ်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ သတိပြုရမည့်အချက်များနှင့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားကာ ဦးပိုင်အမှတ် (၇) ကွင်းအမှတ် (၄) ဦးတင့်ဆန်းလွင်၏ နေကြာသီးနှံစိုက်ခင်းအတွင်း ယူရီးယား၊ နွားချေး ရောစပ်ဖျော်ရည်အား စိုက်ပျိုးရေးဝန်ထမ်းများက လက်တွေ့ပက်ဖျန်းပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှထုတ်ဝေသည့် နေကြာသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)