မာန်အောင်မြို့ အ-ထ-က ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

မာန်အောင် ဇန်နဝါရီ ၁၁  

ရခိုင်ပြည်နယ် မာန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၁၁ နာရီခွဲက မာန်အောင် အ-ထ-က အောင်ဇေယျာခန်းမ၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားကို အ-ထ-က ကျောင်းသား/သူများက ဘက်စုံပညာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး (ခေတ္တ)တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးယဉ်ထွေးနှင့် ကျောင်းအကျိုးတော်ဆောင် ဦးကျော်ဆွေ (ပညာရေးငြိမ်း)တို့က အမှာစကားပြောကြားကြသည်။

ထို့နောက် ပညာရည်ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်ရာ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူ ကျောင်းသား/သူများ၊ ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသော ဆရာ/ဆရာမများ၊ ပညာရည်ထူးချွန်သူများ၊ နိုင်ငံတော်၏ အသိအမှတ်  နေ့ရက်များတွင် ဂုဏ်ပြုပြိုင်ပွဲများ အဖြစ်စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်များတွင် ဆုရရှိသူ ကျောင်းသား/သူများအား (ခေတ္တ)တာဝန်ခံ ကျောင်းအုပ်ဆရာကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပညာရေးစုံညီပွဲတော်ကို ဆက်လက်ကျင်းပရာ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက အကပဒေသာများဖြင့် ကပြ​ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)