နတ်မောက် ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အလေ့ကျဆီးသီးများ စျေးကောင်းလျက်ရှိကြောင်း ဆီးသီး အရောင်းအဝယ် လုပ်ကိုင်သူ မတင်တင်အေးထံကသိရသည်။
အလေ့ကျဆီးသီးပင်များသည် အညာကျေးလက်ဒေသများရှိ ယာမြေဘေးများလည်းကောင်း၊ ကုန်းမြေများပေါ်တွင် လည်းကောင်းပေါက်ရောက်လေ့ကြောင်း၊ လက်မှုလယ်ယာခေတ်တွင် နည်းပညာတိုးတက်မှု မရှိသည့်ကာလများ၌ အလေ့ကျဆီးပင်များကို မိမိယာစည်းရိုး ပြုလုပ်ရာ တွင်လည်းကောင်း၊ မိမိအိမ်စည်းရိုး ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုကြခဲ့ကြောင်း၊ ယခုအခါတွင် ဘက်ပေါင်းစုံမှ ခေတ်မီစက်ကိရိယာဖြင့် တိုးတက်လာသည့်အတွက် အလေ့ကျ ဆီးသီးပင်များသည်လည်း အသုံးဝင်လာမှုကြောင့် စည်းရိုးအဖြစ် အသုံးမပြုတော့ဘဲ မိုးအကုန် ဆောင်းအကူး တန်ဆောင်မုန်းလလောက်မှစတင်၍ ဆီးသီးပင်များအောက်ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်း ပြုလုပ်ထားကြောင်း၊ ဆီးသီးများရင့်မှည့်၍ ကြွေကျလာသည့်အခါ ကောက်ယူ၍ အိမ်ရှေ့သလင်းတွင် ဆီးသီးများခြောက်ရန်အတွက် နေလှန်းရကြောင်း၊ အရင်းအနှီးမလို အမြတ်ငွေသာ ရရှိသည့်အတွက် တောင်သူအများစုသည် မိမိယာထဲရှိ ဆီးပင်များ သေချာပြုစုထားကြကြောင်း၊ အခုဆိုလျှင် ဆီးသီးတစ်တင်းကို (၁၀၀၀၀) အထိရောင်းချရကြောင်း၊ ဆီးသီး စျေးကောင်းသည့်အတွက် မိသားစုအနေနဲ့လည်း တစ်ဘက်တစ်လမ်းမှ ဝင်ငွေရရှိကြောင်း ဆီးသီးရောင်းချသူတစ်ဦးက ပြောသည်။
မူမူစန်း