သရက်မြို့၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် သရက်မြို့နယ်၏ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

သရက် ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သရက်မြို့နယ်၏ ပညာရေးစုံညီပွဲတော်ကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက ကြိုဆိုပါတယ် စုံညီပွဲတော်သီချင်းဖြင့်  ဖျော်ဖြေဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာမှာ မြန်မာ့ပညာရေး၏ မျှော်မှန်းချက်ဖြစ်သော ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့ ဟူသောဆောင်ပုဒ်နှင့်အညီ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ဆုချီးမြှင့်ပွဲများကိုစတင်၍ ထက်/လယ်/မူ အခြေခံပညာကျောင်းများတွင် စတင်ဆောင်ရွက်ခဲ့ကြပါတယ် ၂၀၁၄-၂၀၁၅ပညာသင်နှစ်မှစ၍ နိုင်ငံတော်မှ အခြေခံပညာ ထက်/လယ်/မူ ကျောင်းများကို ကျောင်းထောက်ပံ့ကြေး ပညာသင်စရိတ် ထောက်ပံ့ကြေးနှင့် မူလတန်းအောက်ဆင့် ကလေးများ၏ စာဖတ်စွမ်းရည်၊ သင်္ချာစွမ်းရည် ဆန်းစစ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပေးခဲ့ပြီး ခရိုင်ပညာရေးမှူးက လုပ်ငန်းလမ်းညွှန် အမှာစကား ပြောကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကား ပြောကြားပေးခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကာယစွမ်းရည်၊ ဉာဏစွမ်းရည်နှင့် ဘက်စုံထူးချွန်ဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူ အသီးသီးက ပေးအပ်ရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများက ဆုများကိုလက်ခံပေးခဲ့သည်။ ဆက်လက်၍ အခြေခံပညာကျောင်းများမှ ဖိတ်ကြားထားသည့်  ယိမ်းများမှ ကျောင်းသား၊ ကျောင်းသူများက ဂီတ/ရသ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)