တောင်ငူ ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော် တို့နွှဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျောင်းအကျိုးတော် ဆောင်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ များကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကျောင်းသား၊ ကျောင်းသူများမှ အကများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး ကျောင်းသူတစ်ဦးက မြန်မာ့ရိုးရာခြင်းအလှ ခတ်ပြဖျော်ဖြေခဲ့သည်။ ထို့နောက် အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများမှ ဇာတိမာန်သီချင်းဖြင့် သီဆိုရုတ်သိမ်းခဲ့ကြကြောင်းနှင့် အဆိုပါကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၉၀၀ ကျော်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)