ချောင်းသာ ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံပညာဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်ကျင်းပသည့် မြို့အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က (အ.ထ.က) ချောင်းသာကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူများက “စုံညီပွဲတော် တို့နွဲပျော်” သီချင်းဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် အ.ထ.က-ချောင်းသာမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးစန်းက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပညာရေး၏တန်ဖိုးများ၊ ထပ်မံတိုး၍လာသော စနစ်သစ်ပညာရေး၏ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွင်း ကမ္ဘာ့ဆရာများနေ့၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၊ ကျောင်းကျန်းမာရေးနေ့၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၊ (၇၅) နှစ်မြောက် စိန်ရတုအာဇာနည်နေ့နှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့စသည့် အထိမ်းအမှတ်နေ့ စာစီစာကုံးပြိုင်ပွဲဆုနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု၊ စာပေဘာသာ ထူးချွန်ဆုရရှိခဲ့ကြသည့် အထက်တန်းနှင့် အလယ်တန်းအဆင့်မှ ကျောင်းသား/ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် ဌာနဆိုင်ရာမှအကြီးအကဲများက ဆုတံဆိပ်နှင့်ဂုဏ်ပြု မှတ်တမ်းလွှာများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် (အ.ထ.က) ချောင်းသာမှ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်မှ ကျောင်းသား/သူလေးများက အဖွဲ့လိုက်အကပဒေသများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများက အားပေးကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ချောင်းသာ (ပြန်/ဆက်)