ပဲခူးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဇန်နဝါရီ ၁၀

ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ပညာရေး စုံညီပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများ၏ ရိုးရာအကအဖွဲ့များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်အား ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီနိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် ထူးချွန်ထက်မြတ်သည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပေါ်ထွက်လာနိုင်စေရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထားဆောင်ရွက်ရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဗဟိုအဆင့် စာပေ၊ ဂီတ၊ အနုပညာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် စာပေ၊ ဂီတ၊ အနုပညာပြိုင်ပွဲများ ဆုရရှိကြသူများအား အစိုးရအဖွဲ့ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်(၁) အခြေခံပညာကျောင်း ကျောင်းသား/ကျောင်းသူလေးများက မင်္ဂလာပါ သီးချင်းဖြင့်လည်းကောင်း အခြေခံပညာအထက်တန်းကျောင်းခွဲ(ကတွင်းခြံ)မှ ကျောင်းသား/ကျောင်းသူလေးများက ဦးရွှေရိုးနှင့် ဒေါ်မိုးအကဖြင့်လည်းကောင်း အသီးသီးကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲ့များအား ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်ဆုရ ကျောင်းသား/ကျောင်းသူလေးများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရာပြည့်ခန်းမ၌ ကျောင်းသား/ကျောင်းသူလေးများ၏ ဘာသာရပ်အလိုက် လက်တွေ့သရုပ်ပြသနေမှု ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)