စစ်တွေ ဇန်နဝါရီ ၁၀
ပြည်နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များဖြစ်ကြ သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၌ (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များက အိမ်ထောင်စုလူဦးရေစာရင်းများကို မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် စစ်တွေမြို့၊ မိဇံရပ်ကွက်တွင် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များက စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးကြပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ သိရှိလိုသည် များကို မေးမြန်းကြကာ လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့သည် စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်နှင့် တရားသိစုရပ်ကွက်တို့၌ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များက စာရင်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးကြကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
လူဦးရေစာရင်းမြေပြင် ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြေပြင်ရှိနှင့် အိမ်ထောင်စု လူဦးရေစာရင်းရှိတို့အား တိုက်ဆိုင်စစ်ဆေးခြင်းကို စာရင်းကောက်အဖွဲ့များမှ စနစ်တကျ တစ်အိမ်တက်ဆင်း စာရင်း ကောက်ယူဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်/ကျေးရွာ၊ မြို့နယ်လူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီများမှ ကြီးကြပ် ဆောင်ရွက် လျက်ရှိကြသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ မိဘပြည်သူများ ကိုင်ဆောင် အသုံးပြုလျက်ရှိသော အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆) များကို အဆင့်မြင့် နည်းပညာဖြင့် e – ID Software အတွင်းသို့ ဖြည့်သွင်းထားရှိပြီးဖြစ်ရာ ဖြည့်သွင်းပြီး အိမ်ထောင်စုများကို Software မှ Print ထုတ်ယူကာ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ပြီးလကုန်နေ့ထိ မြေပြင်ရှိနှင့် တိုက်ဆိုင်စစ်ဆေးကာ စာရင်းကောက်ယူ သွားမည်ဖြစ်ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)