ပွင့်ဖြူ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုများမရှိစေရေးအတွက် ဇန်နဝါရီ ၁၀ ရက်၊ ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ် ရောင်းချလျက်ရှိသည့် ဆေးဝါးပစ္စည်းအရောင်းဆိုင်(၅)ဆိုင်သို့ သွားရောက်ပြီး ဆေးဝါးပစ္စည်းများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ / မရှိ၊ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ဆေးဆိုင်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများထံ ဆေးဝါးပစ္စည်းများ ရောင်းချရာ၌ အခက်အခဲ မဖြစ်စေရေးအတွက် သတ်မှတ်ကာလ ပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော ဆေးဝါးပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)