ကျွန်းလှ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသော ဒေသထွက် ပန်းမုံလာတစ်ပွင့် ငွေကျပ် ၁၂၀၀ ရောင်းရ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်းတော် ချောင်းရေတင်ပြီး ပန်းမုံလာ နှစ်စဉ်စိုက်ပါတယ်။ ဒီနှစ် အပင် ၃၅၀၀ စိုက်ပျိုးပြီး ငွေကျပ် ၃၅၀၀၀၀ ကုန်ကျပါတယ်။ ယခင်နှစ်က ပန်းမုံလာတစ်ပွင့် ငွေကျပ် ၅၀၀၊ ၆၀၀ ရောင်းချခဲ့ရပြီး ဒီနှစ် သေးရင် ငွေကျပ် ၁၀၀၀၊ ကြီးရင် ငွေကျပ် ၁၂၀၀ ရောင်းရပါတယ်” ဟု ရှမ်းကျေးရွာ ပန်းမုံလာစိုက် တောင်သူ ဦးနိုင်က ပြောသည်။
အဆိုပါ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများအား GAP စနစ်ဖြင့်စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံရရှိရေး နည်းပညာပေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ချောင်းရေတင်စနစ်ဖြင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုံညှင်း၊ ကန့်လန့်၊ ကိုက်လန်၊ ပန်းမုံလာ၊ မုံလာထုတ်၊ ခရမ်းချဉ်၊ ခရမ်းသီး စသည့် စားဖိုးဆောင် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိနေကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ