ကျိုက်မရော ဇန်နဝါရီ ၁၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ညဏ၊ ရသ ဆုပေးပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က ကျိုက်မရော ပညာအားမာန်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အ.ထ.က ကျိုက်မရော ကျောင်းသား၊ ကျောင်းသူလေးများက ”ကြိုဆိုပါတယ် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထိမ်းအမှတ်နေ့များတွင် ကဗျာ၊ ပန်းချီ၊ညဏ်စမ်း၊ စာစီစာကုံးပြိုင်ပွဲများ၌ ဆုရရှိသူများ၊ ပြည်နယ်အဆင့်၊ ဗဟိုအဆင့်အင်္ဂလိပ်စာထူးချွန်ဆုရရှိသူများ၊ ဗဟိုအဆင့်အက ပြိုင်ပွဲ၌ ဆုရရှိသူများ၊ ခရိုင်အဆင့် အားကစားထူးချွန်ဆု ရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော် ဆောင်များက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထက်၊ လယ်၊ မူ၊ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ၊ သရုပ်ဖော်အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
မြို့နယ်အဆင့် စုံညီပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)