မြို့သစ်မြို့နယ်တွင် တစ်အိမ်တက်/ဆင်း မြေပြင်စာရင်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်

မြို့သစ် ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်စေရေးအတွက် တစ်အိမ်တက်/ဆင်း မြေပြင် ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို  ယမန်နေ့နံနက်ပိုင်းက စတင်၍   မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအသီးသီး၌  တိုက်ဆိုင်စစ်ဆေးကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့စာရင်းကောက်ယူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ကြက်ခြေနီ၊ အရန်မီးသတ်၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က အိမ်ထောင်စုစာရင်း မှန်ကန်စေရေးအတွက် ကျေးရွာများသို့ သွားရောက်၍ တစ်အိမ်တက်/ဆင်း စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

မြို့သစ်မြို့နယ်တွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာ၌ ရပ်ကွက်/ကျေးရွာအုပ်စု(၅၂)အုပ်စု၊ အိမ်ထောင်စု(၄၆၆၁၃)စုကို  ကောက်ယူရေးအဖွဲ့(၁၁၈)ဖွဲ့ဖြင့် ဇန်နဝါရီလ ၉ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ပုံစံများဖြင့် စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)