ကျိုက်လတ် ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေး အဖွဲ့များက အိမ်ထောင်စု လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်း ကစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် တစ်ပြိုင်နက်တည်း ကောက်ယူနေမှုအား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူခြင်းကို ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး အဖွဲ့များက အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကောက်ယူမှုကို ဇန်နဝါရီလ (၉)ရက်နေ့မှ (၂၈)ရက်နေ့ထိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ လမ်းတစ်ခုလျှင် ကောက်ကွက်တစ်ဖွဲ့ဖြင့် ကောက်ယူလျက်ရှိရာ စာရင်းကောက်တစ်ဖွဲ့လျှင် အဖွဲ့ဝင် (၅)ဦး ဖြင့် တစ်ရက်လျှင် ကောက်ကွင်း (၂၅)ခု နှုန်းဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ကျိုက်လတ်မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူခြင်းများကို မြေပြင် တစ်အိမ်တက်ဆင်း ကောက်ယူရေးအဖွဲ့ (လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/မများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ)မှ ကောက်ယူ စစ်ဆေးလျက်ရှိပြီး ကောက်ယူရေးအဖွဲ့များ အနေဖြင့် မှန်ကန်မြန်ဆန်စွာဖြင့် အိမ်ထောင်စုစာရင်းနှင့် လူဦးရေစာရင်းများ ကျန်ရှိမှု မရှိစေရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချထားပြီး ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ရီရီမြင့်