ငဖဲမြို့နယ် ပန်းထိန်းကျေးရွာ၌ ခရမ်းချဉ်သီးစိုက်ပျိုးရောင်းချပြီး မိသားစုစီးပွားရေးအဆင်ပြေ

ငဖဲ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ပန်းထိန်းကျေးရွာသည် ပန်းထိန်းမန်းချောင်းဘေးတွင် တည်ရှိ၍ ကျေးရွာတောင်သူများက လယ်ယာလုပ်ငန်း၊  ဥယျာဉ်ခြံမြေလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ပန်းထိန်းမန်းချောင်းဘေးနှင့် ကိုင်းမြေများတွင် မန်းချောင်းရေနှင့် မြေအောက်ရေကို အသုံးပြု၍ ခရမ်းချဉ်နှင့် ဆောင်းရာသီဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရောင်းချပြီး  မိသားစုများ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ခရမ်းချဉ်သီးစိုက်ပျိုးရောင်းချသူ ပန်းထိန်းကျေးရွာမှ တောင်သူ ဒေါ်လှလှအေးထံမှ သိရသည်။

မိမိ၏ ကိုင်းမြေတစ်ဧကတွင် ထိုင်ဝမ်ခရမ်းချဉ်သီး 999 မျိုးစေ့ထုတ်များကိုဝယ်ယူ၍ မိမိကိုယ်တိုင် အပင်ဖောက်ကာ ထိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးထားရှိကြောင်း၊ ခရမ်းချဉ်ပျိုးထောင်ရာတွင် လယ်မြေနှစ်ဆ၊ မြေဆွေးတစ်ဆနှုန်းရောစပ်ထားသော စနစ်တကျပြုပြင်ထားသည့် ပျိုးဘောင်တွင် တစ်တန်းနှင့်တစ်တန်း (၂)လက်မခြားစိုက်တန်းများဖြောင့်တန်းစွာဆွဲ၍ တစ်စေ့နှင့်တစ်စေ့ လက်မဝက်ခြားစီ မျိုးစေ့တန်းချကာ မြေဆွေးမှုန့်ဖြင့် ခပ်ပါးပါးဖုံးအုပ်ပေးရကြောင်း၊ ပြီးလျှင် ရေဝအောင်လောင်းပေး၍ ကောက်ရိုး၊ မြက်ခြောက်၊ စပါးခွံများဖြင့် ခပ်ပါးပါးဖုံးအုပ်ပေးရကြောင်း၊ ပျိုးပင်များကို နံနက်ပိုင်းတွင်ရေလောင်းပေးပြီး အကွာအဝေးအသင့်အတင့်ဖြင့် အတန်းလိုက် တစ်စေ့ခြင်းစီချကာ ပျိုးထောင်ခြင်းဖြစ်ကြောင်း၊   ပြီးလျှင် မြေပြုပြင်၍ ထယ် ၂စပ် မှ ၄စပ် ထိုးပြီး ထွန်ရေး ညက်သည် အထိ မြေပြုပြင်ထွန်ပေးရကြောင်း၊ ထွန်ရေးညက်လျှင် ကြမ်းတုံးရိုက်၍ ပင်ခြား ၂ပေ၊ တန်းကြား ၃ပေ ခြား၍ ပျိုးပင်သက် ၃၀ ရက်သားမှ ၃၅ ရက်သားအရတွင် မြေချစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ရက်၂၀ခန့်အကြာတွင် မြေတောင်မြှောက်ပေး၍ မြေဩဇာကျွေး၊ ပိုးသတ်ဆေးဖျန်း၊ အတက်ဖဲ့ ပေးခြင်း၊ တိုင်ထောင်တန်းပစ်၊ ကြိုးချည်ပေးခြင်းများ ဆောင်ရွက်ရကြောင်း၊ မိမိ၏ကိုင်းမြေတွင် ခရမ်းချဉ်အပင် ၂၀၀၀ ခန့် စိုက်ပျိုးထားပြီး ခရမ်းချဉ်သီး ပိသာအချိန် ၅၀ ခန့် ခူးဆွတ်ရောင်းချပြီး၍ ယခုဆက်လက်၍လည်း ခူးဆွတ်ရောင်းချနေရကြောင်း၊ နေ့စဉ် ပိသာ ၃၀ ခန့် ခူးဆွတ်ရပြီး ခရမ်းချဉ်သီးတစ်ပိသာလျှင် ငွေကျပ်  ၁၂၀၀ နှုန်းဖြင့် ပဒါန်းဈေးသို့ ဖောက်သည်ဈေးပေးသွင်း ရောင်းချရကြောင်း၊ ကိုင်းမြေတွင် ခရမ်းချဉ်သီးနှင့် အခြားဆောင်းရာသီ ဟင်းသီးဟင်းရွက်များကို နှစ်စဉ် ရာသီအလိုက် အဓိကစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်း တောင်သူဒေါ်လှလှအေးက ပြောကြားသည်။

ငဖဲမြို့နယ်အတွင်းရှိကျေးရွာများ၌ ဆောင်းသီးနှံများစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူတောင်သူများအနေဖြင့် ကိုင်းခရမ်းချဉ်နှင့် ထိုင်ဝမ်ခရမ်းချဉ်များကို အများဆုံးစိုက်ပျိုး ရောင်းချကြကြောင်း သိရသည်။

မယု(ငဖဲ)