မိုးညို ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ယမန်နေ့က မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အထက(မိုးညို)နှင့် ရွှေပြည်သာရပ်ကွက်ရှိ အလက(ကျွန်းကလေး) ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကာကွယ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ကို ထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့်အတူ အထက(မိုးညို)နှင့် အလက(ကျွန်းကလေး)ကျောင်းမှ ဆရာ၊ ဆရာမများက ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများအား စာရင်းမှတ်တမ်းရေးသွင်းခြင်းနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။ အလားတူ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင်လည်း သက်ဆိုင်ရာကျေးရွာကျန်းမာရေးဌာနများမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း(ပြန်/ ဆက်)