ပန်းတောင်း ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသော အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထပ်ဆောင်ထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.ကပန်းတောင်း အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျောင်းသား/ သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည့် အသက်(၅)နှစ်မှ(၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျစာရင်းရေးသွင်းပေးပြီး ကိုဗစ်ကာကွယ်ဆေးထပ်ဆောင်းထိုးနှံ ပေးကြသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရနှင့်အဖွဲ့ဝင်တို့က ကာကွယ်ဆေးထိုးနှံပြီး ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ သက်ဆိုင်ရာကျောင်းများအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
သင်းသင်းအေး (ပြန်/ ဆက်)