ပွင့်ဖြူ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့တို့ ပူးပေါင်းပြီးကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေအသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါ်ခင်မေကျော်က ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာရည် ပြည့်ဝစေရေးအတွက် သတိပြုလိုက်နာရမည့် အချက်များနှင့် ကိုယ်ကျင့်သီလ ကောင်းမွန်စေရန် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက လူငယ်များ၏ အနာဂတ်ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်ပန်းတိုင်ထားပြီး ကြိုးစားအားထုတ်ရမည့် အချက်များနှင့် ပြင်ပစာပေအသိပညာဗဟုသုတ တိုးပွားစေမည့် စာအုပ်စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးဟောပြောသည်။
ဆက်လက်၍ မြို့နယ် ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုး (ပညာရေးငြိမ်း)က ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် လိမ္မာယဉ်ကျေးသိမ်မွေ့သောသူများဖြစ်အောင် အားလပ်ချိန်တွင် ကျောင်းစာအပြင် သုတရသစာအုပ်စာစောင်များဖတ်ရှုခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းအားကစားပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြစေလိုကြောင်း၊ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေသည့် ဆေးလိပ်၊ ကွမ်းယာနှင့် မူးယစ်စေသောအရာများကို ရှောင်ကြဉ်ကြစေလိုကြောင်းနှင့် နိုင်ငံအတွက် အားကိုးအားထားပြုရသော ထူးချွန်ထက်မြက်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ဟောပြောသည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကွမ်းစားသုံးခြင်းအန္တရာယ်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းအန္တရာယ်အကြောင်း သိကောင်းစရာများ ပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စား ဝင်ရောက်လေ့လာဖတ်ရှုခဲ့ကြသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်မောင်မယ်များ ကျောင်းစာအပြင် ၊ ပြင်ပအသိပညာဗဟုသုတ တိုးပွားလာစေရန် ၊ နိုင်ငံအတွက် အားကိုးအားထားပြုရသော ထူးချွန်ထက်မြက်သူများ ပေါ်ထွန်းလာစေရန် ၊ ဗလငါးတန် ဖွံ့ဖြိုးခြင်းနှင့် အတူ စိတ်ဓာတ်၊ စည်းကမ်း ၊ ပညာရည် ထက်မြက်ပြည့်စုံသောသူများ ဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းဦးရေ ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)