အမ်းမြို့နယ်၌ လူဦးရေစာရင်းများ မှန်ကန်စေရေး မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူရေး အဖွဲ့များက စာရင်းများ စတင်ကောက်ယူလျက်ရှိ

အမ်း ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့စတင်၍ စာရင်းကောက်ယူရေးအဖွဲ့ (၆၇)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်းစာရင်းများ ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ အိမ်ထောင်စုစာရင်းများ ကောက်ယူရာတွင် Server အတွင်းရှိ အိမ်ထောင် စုစာရင်းများတွင် မှတ်ပုံတင်နံပါတ်နှင့် အချက်အလက်များ ပြည့်စုံမှန်ကန်ရေး ဖြည့်သွင်းခြင်း၊ နိုင်-၄ မှတ်တမ်းများ ဖြည့်စုံမှန်ကန်ရေး စီစစ်ဖြည့်သွင်းခြင်း၊ အခြားမြို့နယ် အိမ်ထောင်စု စာရင်း ကိုင်ဆောင်သူများနှင့် မည်သည့်အိမ်ထောင်စုစာရင်းမျှမရှိသူ ရွေ့ပြောင်း၊ ပျံကျ များအား အိမ် ထောင်စု(အလွတ်)ဖြင့် ကောက်ယူခြင်း၊ မသန်စွမ်း(၅)မျိုးစာရင်း စနစ်တကျ ကောက်ယူခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ စာရင်းကောက်ယူရာတွင် အဆင်ပြေစေရန်အတွက် ခရိုင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် ခရိုင်ကြီးကြပ်ရေးကော်မတီအတွင်း ရေးမှူး ခရိုင်လဝက ဒုတိယညွန်ကြားရေးမှူး ဦးအောင်မြင့်ဦး မြို့နယ် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် မြို့နယ်ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်လဝကဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှုင်းပေါင်းစပ်ပေးခဲ့သည်။

အမ်းမြို့နယ်တွင်၊ ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၆) အုပ်စုတွင် ကွင်းဆင်းစာရင်းကောက်အဖွဲ့ပေါင်း (၆၇) ဖွဲ့ဖြင့် ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းထံမှ သိရသည်။

စိုးမင်းထွန်(ပြန်/ဆက်)