ကံမ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကြို့ပင်)၌ ယမန့်နေ့ နံနက် (၁၁) နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အခြေခံ ပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရာ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ(၁၇၀)ဦး တက်ရောက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ရှေးဦးစွာ အ.ထ.က(ကြို့ပင်)မှ တာဝန်ခံကျောင်းအုပ် ဒေါ်ဝင်းမာဦး က စာရိတ္တကောင်းမွန်ရေးနှင့် စည်းကမ်းလိုက်နာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စိုးမိုးခိုင်က အားကစားစိတ်ဓာတ်မြင့်မားရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီကျော်က လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)