ကျိုက်ထို ဇန်နဝါရီ ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့်ကို ယမန်နေ့ နံနက် ၈ နာရီခွဲ တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစာရင်းကောက်ယူသည့် နေရာများသို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်း၊ (အဖွဲ့ဝင်) ဦးရဲနိုင်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် ဦးစီးမှူး ဦးဝင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်တို့မှ စာရင်းကောက်ယူရေးအဖွဲ့များ အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူရာတွင် မှားယွင်းမှု မရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ဖက္ကလိပ်ကျေးရွာ၊ ကျိုက်ပိကျေးရွာများသို့ သွားရောက်၍ တာဝန်ကျစာရင်းကောက်ယူရေး အဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ရပ်ကွက်နှင့် ကျေးရွာနေပြည်သူ များအား (WorkingGroup) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းအား ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများက ဇန်နဝါရီ ၉ ရက်နေ့မှ ဇန်နဝါရီ ၂၉ ရက်နေ့ထိ စာရင်းမှန်ရရှိရန် ကောက်ယူသွားမှာဖြစ်ကြောင်း စာရင်းကောက်ယူရေး ကော်မတီအဖွဲ့ထံမှ သိရသည်။
ကျိုက်ထိုပြန်/ဆက်