မော်လမြိုင် ဇန်နဝါရီ ၁၀
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် မြေပြင်ရှိလူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်သော (Working Group) အဖွဲ့များဖြင့် မြေပြင်ရှိလူဦးရေစာရင်းများ တစ်အိမ် တစ်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်း အချိန်မှစတင်ကာ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်များတွင် လမ်းများအလိုက် စာရင်း ကောက်ယူရေးအဖွဲ့ များခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် မော်လမြိုင်မြို့နယ်အတွင်း မြေပြင်ရှိ လူဦးရေစာရင်းများ တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းကောက်ယူနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုက အဆိုပါ ကောက်ယူရရှိသည့် လူဦးရေစာရင်းများသည် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အဓိကကျသည့်အတွက် လူဦးရေစာရင်းများ ကောက်ယူရာတွင် တိကျမှန်ကန်သည့် အချက်အလက်များ ရရှိစေရေးအတွက် စာရင်းကောက်ယူရေး အဖွဲ့များအနေဖြင့် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် သတ်မှတ်ကာ အထူးအလေး ထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ကွင်းဆင်းကောက်ယူမှုကို ၂၀၂၃-ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့မှ ဇန်နဝါရီလ(၃၁)ရက်နေ့အထိ သတ်မှတ်အချိန် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ ဆက်)