သံဖြူဇရပ် ဇန်နဝါရီ ၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့နံနက် ၁၀ နာရီက အ.လ.က(ခွဲ) အောင်ဇေယျကျောင်း၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် အ.လ.က(ခွဲ)ကျောင်းမှ ကျောင်းသား/သူများက “ဘက်စုံပညာကိုရည်၊ တို့လှမ်းချီ”သီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ပြီး၊ ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ အောင်ဇေယျရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်ကယခုလိုပြုလုပ်ပေးရခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးမော်က ပညာရေးဆိုင်ရာများအား ချပြ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ထူးချွန်ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ပညာရေးစုံညီပွဲတော်များ ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အေးအေးသီ(ပြန်/ဆက်)