သံဖြူဇရပ် ဇန်နဝါရီ ၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် အ.ထ.က(၁) ကျောင်းမှ ကျောင်းသား/သူ များက “စုံညီပွဲတော် ဒို့နွှဲပျော်” သီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ပြီး၊ ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေး ပညာရေးဆိုင်ရာများအား ချပြရှင်းလင်းပြောကြားပြီး၊ အခြေခံပညာကျောင်းများအနက် ကျောင်းအလိုက် ထူးချွန်ဆုရရှိကြသည့် ကျောင်းများ နှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့တွင် ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက ထူးချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူလေးများက အကအလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရ သည်။
အေးအေးသီ(သံဖြူဇရပ်)