ကျိုက်ထို ဇန်နဝါရီ ၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဖက္ကလိပ်စံပြကျေးရွာ မူလတန်းကြိုကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန် အားကစားပြိုင်ပွဲများနှင့် စုံညီပွဲအခမ်းအနားကို ဇန်နဝါရီ(၄)ရက် ညနေ ၃ နာရီက ဖက္ကလိပ်ကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရာကလေးငယ်(၃၈)ဦးကတပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက်စုံညီပွဲ အခမ်းအနားကိုကျင်းပရာ မူလတန်းကြိုကျောင်းသား၊ ကျောင်းသူလေးများက ကဗျာရွတ်ဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီး လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာလွင်မှ ယနေ့တွင်ပြုလုပ်ပေးသောအားကစားပြိုင်ပွဲနှင့် စုံညီပွဲအခမ်းအနားသည် ကလေးငယ်များအတွက် ကျန်းမာပျော်ရွှင်၍ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးပြီး မိမိကိုယ်မိမိ အားကိုးတတ်လာစေမည့် အထောက်အကူများ ရရှိလာနိုင်စေကြောင်းပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်နာယက ဦးအောင်ဝင်းကကျောင်း၏ တိုးတက်လာမှုနှင့်ပတ်သက် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးငယ်များကအကပဒေသာများနှင့်ကပြဖျော်ဖြေ၍အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့်ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်၊ ကျောင်းအကျိုးတော်ဆောင်များက အမှတ်တရလက်ဆောင်ပစ္စည်းများကို အသီးသီးချီးမြှင့်ပေးခဲ့ရာ ကလေးငယ်များက အကပဒေသာများကပြဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)