မော်လမြိုင် ဇန်နဝါရီ ၅
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့တွင် ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း တစ်နိုင်ငံလုံးရှိအကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ(၇၀၁၂)ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
အကျဉ်းသား/သူများအား“နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုလျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အား အကျဉ်းဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး ရုံးကွပ်ကဲမှုအောက်ရှိအကျဉ်းထောင်/အချုပ်ထောင်/စခန်းများမှ စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီသည့် အကျဉ်းသား(၃၂၉)ဦး၊ အကျဉ်းသူ(၈၅)ဦး စုစုပေါင်း(၄၁၄)ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာ ခွင့်ပြုခြင်းကို အကျဉ်းထောင်တာဝန်ခံ အရာရှိအပါအဝင် သက်ဆိုင်ရာနယ်မြေဒေသရှိခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်အကျဉ်းထောင်ရှိ ကျန်းမာရေးဝန်ထမ်းများတက်ရောက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပြီးလွတ်မြောက်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်၊ စားစရိတ်၊ ခရီးစရိတ်၊ လုပ်အားဆုငွေများထုတ်ပေးခြင်း၊ ထမင်းထုပ်များဝေငှခြင်း၊မော်တော်ယာဉ်များဖြင့် ကားဂိတ်နှင့်ဘူတာရုံများသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်