မွန်ပြည်နယ်တွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ပြည်နယ်ဂုဏ်ဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

မော်လမြိုင်      ဇန်နဝါရီ      ၅

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့အလံတင် အလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း၊ ပြည်နယ်ဂုဏ်ဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနားကို မောရ၀တီပန်းခြံ၌ ကျင်းပပြုလုပ်ရာ ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊  ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက် ၄ နာရီ မိနစ် ၂ဝ တွင် အလံအားတိုင်ထိပ်လွှင့်ထူပြီး မြန်မာနိုင်ငံတော်အလံကိုအလေးပြုခြင်း  ကျဆုံးလေပြီးသော အာဇာနည်ခေါင်း‌ဆောင်အပေါင်းတို့အား အလေးပြုခြင်းများကိုဆောင်ရွက်ခဲ့ပြီး နံနက်(၇)နာရီတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းကိုပြုလုပ်ရာ ခေတ္တဝန်ကြီးချုပ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ထို့နောက် နံနက် ၈ နာရီအချိန်တွင် ပြည်နယ်ခန်းမ၌ ပြည်နယ်ဂုဏ်ဆောင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ခေတ္တဝန်ကြီးချုပ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဂုဏ်ဆောင်ထူးချွန်ဆုရရှိသူများအား တာ၀န်ရှိသူများက အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်