ကျိုက်မရော ဇန်နဝါရီ ၂
မွန်ပြည်နယ်၊ကျိုက်မရော မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလှပ်ကုန်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အလှပ်ကုန်းကျေးရွာရှိ အဆိုပါလမ်းသစ်မုခ်ဦး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက အဖွင့်အမှာစကားပြောကြားရာ၌ ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတွင်းလမ်းများ အဆင့်မြှင်တင်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသိန်းစိုးက ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)၏ နိုင်ငံတော်ထောက်ပံရန်ပုံငွေ ကျပ်(၁၀)သန်းနှင့် ကျေးရွာပြည်သူ လူထုထည့်ဝင်ငွေ (၂)သန်း စုစု ပေါင်းငွေကျပ်(၁၂.၀)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း လမ်းသစ်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်လမ်းသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးအောင်ထွန်း၊ မြို့နယ်ဦးစီးမှူးဦးသိန်းစိုးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယနေ့ဖွင့်လှစ်ခဲ့သောကျေးရွာကွန်ကရစ်လမ်းသစ်မှာ အလျား ၁၂ ပေ၊ ထု ၆ လက်မနှင့် လမ်းအရှည်(၁၆၆၀ )ပေရှည်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးသိန်းစိုးထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး( ပြန်/ဆက်)