ကျိုက်မရော ဇန်နဝါရီ ၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးရန်နိုင်ထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်သောင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းလေ့ကျင့်ရေးအစီအမံများကိုပြောကြားရာ၌ မီးသတ်ဦးစီးဌာန၏ရည်မှန်းချက် တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များ အခြားသောဘေးအန္တရာယ်များမှ ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူအတွင်းစိမ့်ဝင်ပြန့်နှံစေရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် စိတ်ပါဝင်စားစွာ လေ့ကျင့်သင်ယူကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများကို မြို့နယ်ရဲတပ်ဖွဲ့မှူးကပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက လက်ခံရယူခဲ့သည်။ အဆိုပါသင်တန်းသို့ ရပ်ကွက်/ ကျေးရွာအတွင်းရှိ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၄)ပတ်ကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)