မွန်ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲ

မော်လမြိုင်   ဒီဇင်ဘာ   ၃၁

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် မွန်ပြည်နယ်တွင် အများပြည်သူတစ်ရပ်လုံးပါဝင်သည့် ကိုယ်လက်လှုပ်ရှား အားကစားကို နေ့စဉ်ပုံမှန် လှုပ်ရှားဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲကို  ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း(မော်လမြိုင်)နှင့် အခြေခံပညာကျောင်းတို့မှ ကျောင်းသူ၊ ကျောင်းသားများနှင့် အားကစားလိုက်စားသူ အများပြည်သူများ အင်အား (၁၃၀၀)ကျော်တို့မှစုပေါင်း ပါဝင်ဆင်နွဲခဲ့ကြသည်။

လမ်းလျှောက်ပွဲစုရပ်ကို မော်လမြိုင်မြို့၊ မောရဝတီပန်းခြံရှေ့မှာပြုလုပ်ပြီး ဗဟိုလမ်းမကြီးတစ်လျှောက်သို့ စတင်ထွက်ခွာ၍  အထက်လမ်းမကြီးတစ်လျှောက်နှင့် သာသနာ့ဗိမာန်လမ်း တစ်လျှောက်မှကျောင်းသားအားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ပွဲကို တပျော်တပါး ဆင်နွှဲခဲ့ကြသည်။

ထို့နောက်  ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်ပြည်သူများသည် မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပါဝင်ဆောင်ရွက်ခဲ့ကြကာ ပျော်ပွဲရွှင်ပွဲအစီအစဉ်အနေဖြင့် အမှတ်တရဆုမဲ‌များဖောက်ပေးခဲ့ကြပြီး ဆုရရှိသူများကို တာ၀န်ရှိသူများက ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်