သထုံမြို့ လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး၌ (၃၁)ကြိမ်မြောက် ပဌာန်းဒေသနာတော်နှင့် ဗြဟ္မဇာလသုတ်တော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

သထုံ       ‌ဒီဇင်ဘာ      ၃၁

မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး၏ (၃၁)ကြိမ်မြောက်ပဌာန်းဒေသနာတော်နှင့် ဗြဟ္မဇာလသုတ်‌တော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က စေတီတော်ရင်ပြင်တော်ပေါ်ရှိ သု၀ဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများက နမောတသ(၃)ကြိမ် ရွတ်ဆိုအခမ်းအနားဖွင့်လှစ်ပြီး သထုံမြို့၊ ဓမ္မမေဒနီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ပိဋကတ္တယပါရဂူ၊ သာသနာ့ဓဇသိရိပ၀ရဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဉာဏောသူရိယာဘိဝံသထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများက သီလခံယူဆောက်တည်ကြသည်။

ယင်းနောက် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ဂေါပကအဖွဲ့၏ သာသနာရေးဆိုင်ရာ‌ဆောင်ရွက်ချက်များကို တင်ပြလျှောက်ထားကာ တရားတော်များ နာယူခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့က ဒေသနာတော်များကို စတင်ရွတ်ဖတ်ပူဇော်တော်မူခဲ့ကြသည်။

အဆိုပါပူဇော်ပွဲကို ဩဝါဒါစရိယဆရာတော်ကြီးများဦးစီး၍ ရွှေစာရံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဆရာတော်သံဃာတော်(၂၆)ပါးတို့က ဒီဇင်ဘာလ ၃၁ ရက်နေ့မှစတင်ကာ (၅)ရက်ကြာ နေ့စဉ်အသံမစဲရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)