သံဖြူဇရပ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းပြုလုပ်

သံဖြူဇရပ်     ဒီဇင်ဘာ    ၃၀

မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွား စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေး သည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်း စိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်၊ အကောင်းအဆိုး အမှားအမှန်ကို ကိုယ်ပိုင် ဉာဏ်ဖြင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန် က အမှတ်() အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသီက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသီက ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်၍ ကျောင်းသား/သူများဖြစ်ကြသော မောင်ဟိန်းညီညီထက်က လူငယ်နှင့် ပညာရေး၊ မကြယ်စင်လင်းက လူငယ်နှင့်ကျန်းမာရေး၊ မောင်ပြည့်အာကာ က လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ မမြတ်မော်မော်အောင်က လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ မမေဝိုင်းရံခ က လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး စသည့်ခေါင်းစဉ်များဖြင့်  ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား ကျောင်းသူများက မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူ က ပြန်လည်ဖြေကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား ကျောင်းသူများက  လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မိုးစည်သူ(သံဖြူဇရပ်)