ကျိုက်ထို ဒီဇင်ဘာ ၃၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအခြေပြုရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(အဖွဲ့ဝင်)ဦးရဲနိုင်အောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တပ်ဖွဲ့မှူးဦးဆန်းဝင်းအောင်က ရှေးဦးပြုစုခြင်းသင်တန်းသည် ရက်တိုသင်တန်းဖြစ်သော်လည်း သင်တန်းသားသင်တန်းသူများအတွက် တန်ဖိုးမဖြတ်နိုင်သည့် သင်တန်းတခုဖြစ်ကြောင်း သင်တန်း၌စာတွေ့လက်တွေ့ သင်ကြားရသော်လည်း ပျော်ရွှင်စွာတက်ရောက် သင်ကြားခဲ့သည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက်ကျောင်းအုပ်ဆရာမကြီးဒေါ်သီသီဝင်းက သင်တန်းဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် မြို့နယ်ရှိတာဝန်ရှိသူများနှင့် သင်တန်းနည်းပြများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့်သင်တန်းသားသင်တန်းသူများအားဂုဏ်ပြုဆုများချီးမြှင့်ပြီး သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများက နည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ်ကာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါကျောင်းအခြေပြု ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအား ဒီဇင်ဘာ(၃)ရက်နေ့ မှ(၂၄)ရက်နေ့ထိ အပတ်စဉ်စနေနေ့များတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)