မုဒုံမြို့ အမှတ်(၁)အခြေခံပညာအထက်ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မုဒုံ ဒီဇင်ဘာ ၂၉

မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေပြီး ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေကာ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်ရင့်သန်လာစေပြီး အကောင်းအဆိုးအမှားအမှန်တို့ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချမှတ်နိုင်ရန်နှင့် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ အသိပညာ၊ အတတ်ပညာ၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက စတင်ဆွေးနွေးခဲ့ပြီး Grade - 11 ကျောင်းသား/သူများဖြစ်သည့် စောစိုးမိုးအောင်က လူငယ်နှင့်စာပေ အလိမ္မာစာမှာရှိ၊ မနွေးနွေးလှိုင်က ကဗျာ-လင်္ကာတွေဖတ်ပြီး ပျော်ရွှင်ကြည်နူးမှု၊ မောင်တိုးပြည့်အောင်က ၃၈ ဖြာမင်္ဂလာတရားတွေမှာလိမ္မာရေးခြားရှိသည် ၊ မချိုချိုထိုက်က စာပေဟာရိုင်းသူကိုယဉ်စေပြီး ယဉ်သူကိုပို၍ယဉ်ကျေးစေသည်၊ မအေးသရဖူထွန်းက အသိဉာဏ်ပညာတိုးပွားဖို့စာကြည့်တိုက်သို့ သွားကြစို့ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ ကျောင်းသား/သူများမှ “အနာဂတ်ကမ္ဘာလှပဖို့၊ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့၊ အသိအလိမ္မာတိုးစေဖို့ စာကြည့်တိုင်သို့သွားကြလို့ စာဖတ်ကြပါစို့” ဟူ၍ ကဗျာရွတ်ဆိုကာ လူငယ်စကားဝိုင်းကို အဆုံးသတ်ခဲ့ကြကြောင်း သိရသည်။

သားငယ်