၂၀၂၂-၂၀၂၃ ခု  ပညာသင်နှစ် မူလတန်းအဆင့် ရှေးဦးသူနာပြုစုခြင်း မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲ ကျင်းပ

ကျိုက်မရော ဒီဇင်ဘာ ၂၈

မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်းဖွင့်လှစ်သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတတန်းအဆင့် ရှေးဦးသူနာပြုစုခြင်း မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက ရှေး ဦးပြုစုခြင်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာ၌ ရှေးဦးသူနာပြုစုခြင်းသည် ယခင်ကထဲက ရှိခဲ့သောပညာရပ်ဖြစ်ကြောင်း၊ မိမိပါတ်ဝန်းကျင်တွင် အန္တရာယ်တစ်ခုခုကြုံလာပါက ရှေးဦးပြုစုနည်းသည် အဓိကအရေးပါသောကြောင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ အားလုံးတတ်သင့်သည့်အခြေခံလိုအပ်ချက်ဖြစ်​ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက ရှေးဦးသူနာပြုစုခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဆရာ၊ ဆရာမများသည် ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်ရာတွင် အဓိကကျသူများဖြစ်သဖြင့် ရှေးဦးသူနာပြုစုခြင်းသင်တန်းကို ယခုလိုသင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှာကျောင်း အုပ်ဆရာ၊ ဆရာမများ၊ ကျောင်းကျန်းမာရေးတာဝန်ခံများ၊ မြို့နယ်အဆင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များစုစုပေါင်း(၁၆၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၂၈ ရက်နေ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ(၃)ရက်ကြာ သင်ကြားဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)