ဘားအံ ဒီဇင်ဘာ ၂၈
ဘားအံမြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဓမ္မာရုံနှင့် စုပေါင်းရုံးအစည်းအဝေးခန်းမတို့တွင် နှစ်နေရာခွဲ၍ဖွင့်လှစ်သည်။
အဆိုပါသင်တန်းများဖွင့်လှစ်ခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကရင်ပြည်နယ်တာဝန်ခံ ဦးစောဘလှိုင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းသင်တန်းများကို ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်ဟုသိရပြီး ဘားအံမြို့နယ်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ နှစ်နေရာခွဲ၍ သင်တန်းသား၊ သင်တန်းသူ ၄၄၃ ဦးအား ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် (၂)ကြာကျင်းပခဲ့သည့် ပြည်နယ်အဆင့်နည်းပြသင်တန်းကို တက်ရောက်ခဲ့သူများက ပြန်လည်သင်ကြားပို့ချပေးလျက်ရှိကာ တစ်အိမ်တက်ဆင်းမြေပြင် ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ ရုံးပိတ်ရက်(တနင်္ဂနွေနေ့)မပါ ရက်ပေါင်း(၂၀)ကြာ ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း