မြိတ် ဒီဇင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို (၂၀၂၃)ခုနှစ် ဇန်နဝါရီ(၉)ရက်မှစတင်၍ ရပ်ကွက်/ကျေး ရွာအုပ်စု (၃၄)ခုတွင် စာရင်းကောက် အဖွဲ့(၁၈၉)ဖွဲ့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်ရေးအတွက် လူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်းကို မြိတ်တက္ကသိုလ်တွင် မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
မြိတ်မြို့နယ်တွင် အိမ်ထောင်စုပေါင်း(၉၄၀၀၀)ကျော်ရှိပြီး မြေပြင်ရှိနှင့် အိမ်ထောင်စု လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ရာတွင် အီလစ်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ Software အတွင်း ထည့်သွင်းထားသော အိမ်ထောင်စုလူဦးရေစာရင်းများကို Print ထုတ်ယူ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ များအတွင်း မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်/ဆင်း စာရင်းကောက်အဖွဲ့(၁၈၉)ဖွဲ့၊ စာရင်း ကောက်အင်အား(၉၄၅)ဦးဖြင့် အိမ်ထောင်စုလူဦးရေစာရင်း တစ်ခုချင်းစီအား မြို့နယ် ဦးစီးကော်မတီ၊ မြို့နယ်ကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်မှု ကော်မတီတို့မှ ဦးဆောင်၍ တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
သင်တန်းတွင် စာရင်းကောက်လက်စွဲ စာစောင်နှင့် စာရင်းကောက်ကျင့်ဝတ်များ၊ အိမ်ထောင်စု ပုံစံအလွတ်ရေးသွင်းခြင်း၊ ရေးသွင်းကောက်ယူရမည့်သူများကို ပုံစံများဖြန့်ဝေခြင်း၊ နေ့စဉ် စာရင်းပြုစုခြင်း၊ စာရင်းကောက်ပြီးချိန် စာရင်းချုပ်ပြုစုခြင်းနှင့် ပုံစံများပြန်လည် အပ်နှံရမည့် ကိစ္စများ၊ မသန်စွမ်း(၅)မျိုး စာရင်းကောက်ယူခြင်း စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတစ်ကြိမ်၌ သင်တန်းသား/သူ(၁၂၀)ဦးဖြင့် သင်တန်း(၄)ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကာ ဆင့်ပွားသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းကို မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမ၌ နံနက်(၉) နာရီက ဖွင့်လှစ်ခဲ့ကာ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းဝင်းစိုးက အမှာစကားပြောကြားပြီး အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေက သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍ သင်တန်း စတင်ခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ မြိတ်ခရိုင်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးထွန်းဇော်ဦး၊ မြိတ်တက္ကသိုလ်ပါမောက္ခချုပ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး သင်တန်းသား/သူများကို သင်ကြားပို့ချ နေမှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်