မိုင်းရှူး ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၁)ရပ်ကွက် တရုတ်ဘုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များ၊ မဲစာရင်းမှန်ကန်စေရေး၊ စာရင်းကောက်ယူသည့်အခါ တိကျမှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်းကောက်ယူရေးသတ်မှတ်ရက်မတိုင်မီ မြို့နယ်အဆင့် ကော်မတီ၊ ရပ်ကွက်ကော်မတီနှင့် မြေပြင်တွင် တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့များကိုဖွဲ့စည်းပြီး သတ်မှတ်ရက်များအတွင်း စနစ်တကျ မှန်မှန်ကန်ကန် ပြီးစီးအောင်ဆောင်ရွက်ကြရန်၊ လိုအပ်ချက်များအား အချိန်နှင့်တပြေးညီတင်ပြရန်နှင့် ပြည်သူများအားလုံးပေါင်းစပ်ညှိနှိုင်းပေးရန် ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးကျော်လင်းနှင့် တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ ကျေးစာရေးများ၊ ဆရာ၊ ဆရာမများနှင့် စိတ်ပါဝင်စားသူမိဘပြည်သူများ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်း၊ မိုင်းစံမြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်နှင့် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲလင်းထွဋ်တို့က ဒီဇင်ဘာ ၂၇ ရက်မှ ၂၈ ရက်နေ့ထိ ကဏ္ဍအလိုက် အချိန်ပိုင်းဖြင့် သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၅၀)ဦး တက်ရောက်သင်ကြားကြကြောင်း သိရသည်။
သန်းလူ