ဟိုပန်၌ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဟိုပန် ဒီဇင်ဘာ ၂၈

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ကျောင်းသား၊ကျောင်းသူ လူငယ်များအား လူကုန်ကူးမှု ဖြစ်ပွားမှုမရှိစေရန်၊ မိမိပတ်ဝန်းကျင်၌ လူမှောင်ခို၊ လူကုန်ကူးမှု အန္တရာယ်အား စုပေါင်းတားဆီးကာကွယ်ရန်နှင့် လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာ အသိပညာ ဗဟုသုတများအား သိရှိနိုင်ကြ​စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဟိုပန်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းရှိ စောမဟာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဟိုပန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးကျော်စိုးတင့်က အဖွင့်အမှာစကား ပြောကြားပြီး "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေမိုးအေး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချယ်ရီစိုးတို့က လူကုန်ကူးမှု ဆိုင်ရာများနှင့် ပတ်သက်၍ ဖြစ်ပွားလေ့ရှိသည့် အတွေ့အကြုံ ဖြစ်ရပ်များ၊ ဖြစ်စဉ်များကို အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အမှတ် (၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ချင်းရွှေဟော်)မှ ဒုတိယရဲမှူး အောင်လွင်ဦးက လူမှောင်ခို၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာများ၊ ကမ္ဘာပေါ်တွင် လူကုန်ကူးမှုများ စတင်ပေါ်ပေါက်လာပုံများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှု မြောက်စေသော ပြစ်မှုအင်္ဂါရပ်များ၊ ခေါင်းပုံဖြတ်ခြင်းဆိုင်ရာများ၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များနှင့် လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့် အချက်အလက်များကို ပရိုဂျက်တာဖြင့် အကျယ်တဝင့် ဟောပြောခဲ့ပြီး ဟိုပန်မြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်၊ မြို့နယ် ဥပဒေအရာရှိ ဦးနေလင်းထွန်းက လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဥပဒေဆိုင်ရာ ပြဌာန်းချက်များကို ရှင်းလင်းဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများကို ဟိုပန်ခရိုင်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်နှင့် အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ချင်းရွှေဟော်)မှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင် များအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)