မော်လမြိုင် ဒီဇင်ဘာ ၂၇
၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် မွန်ပြည် နယ်၏အရအသုံးခန့်မှန်းခြေငွေစာရင်း တင်ပြချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းပြည်နယ်အစိုးရ အဖွဲ့၀င် ၀န်ကြီးများ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်တွင် ဘဏ္ဍာရန်ပုံငွေကို သုံးစွဲမှုအနေဖြင့်ပြည်ထောင်စုထောက်ပံ့ငွေမှ ရငွေနှင့် ပြည်နယ်၏ အခွန်ကောက်ခံရရှိမှုမှရငွေများအပေါ် အဓိကအားဖြင့် မူတည်၍အသုံးစရိတ်ကို ပြန်လည်ခွဲဝေသုံးစွဲနေရခြင်း ဖြစ်ပါကြောင်း၊ အသုံးစရိတ်များကို လျာထားရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလျင်အမြန် အထောက်အကူပြုသည့် အသုံးစရိတ်များကိုသာ အဓိကလျာထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အရအသုံးခန့်မှန်းခြေ ငွေစာရင်းခွင့်ပြုငွေအသုံးစရိတ်များကိုလည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ နှင့်အညီစနစ် တကျသုံးစွဲကြရန် လိုအပ်သလို ရငွေများကိုလည်း လျာထားချက်အတိုင်းပြည့်မီအောင် ဆောင်ရွက်ရန်လိုအပ်သဖြင့်အမှန်တကယ်ရရှိနိုင်သည့် ရငွေများကိုသာ လျာထားကြရန် လိုအပ် ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ် အရအသုံးခန့်မှန်း ခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ထက်မှ မွန်ပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာန/ အဖွဲ့အစည်းများမှ အဆိုပြုတင်ပြလာသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းများအား ရှင်းလင်းတင်ပြခဲ့ပြီးတက်ရောက်လာသူများ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြမှုအပေါ်ပြည်နယ် ဝန်ကြီးချုပ်ကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်