အောင်လံ ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ ဝါသီးနှံအထွက်နှုန်း ခန့်မှန်းတိုင်းတာခြင်းနည်းစနစ် လက်တွေ့သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဝါသီးနှံမျိုးသန့်ခြံအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သရက်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ဝါသီးနှံမျိုးသန့် ခြံတာဝန်ခံ ဒေါ်အေးအေးမြင့်က ဝါသီးနှံသည် တစ်ဧကအထွက်နှုန်း ကောင်းမွန်ပြီး ဈေးကောင်းရသော ဝင်ငွေရသီးနှံတစ်မျိုးဖြစ်၍ လက်ရှိတောင်သူများ စိတ်ဝင်စားစိုက်ပျိုးလာသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ဝါသီးနှံသည် စားဝတ်နေရေး အတွက်အရေးကြီး သီးနှံတစ်မျိုးဖြစ်ပြီး တစ်ဧကအထွက်နှုန်း ကောင်းမွန်သော ဝါမျိုးကောင်း၊ မျိုးသန့်များ ဌာနမှ ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ယခုအခါဝါသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာပြီဖြစ်၍ ဝါသီးနှံအထွက်နှုန်းမြင့်မားရေးအတွက် စိုက်စနစ်၊ သွင်းအားစုမှန်ကန်စွာ ထည့်သွင်းစိုက်ပျိုးထားရှိပြီး တစ်ဧကထွက်ရှိသည့် ပိဿာသိရှိနိုင်ရန်အတွက် ရည်ရွယ်၍ ဝါသီးနှံအထွက်နှုန်း ခန့်မှန်းတိုင်းတာခြင်းနည်းစနစ် လက်တွေ့သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား/သူ (၁၅)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ၂ ရက် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)