သဲကုန်း ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့တွင် မှန်ကန်သော လူဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် (Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်မည့် စာရင်းကောက်အဖွဲ့ဝင်များအား သင်တန်းပို့ချပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်တိုးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်သက်ဆိုင်ရာဌာနသင်တန်းနည်းပြများမှ မြေပြင်ကွင်းဆင်း ကောက်ယူရေး၊ ရပ်ကွက်/ကျေးရွာအလိုက် မြေပြင်တစ်အိမ်တက်/ဆင်း ကောက်ယူရေးအတွက် စာရင်းကောက်လက်စွဲစာစောင်များ ရှင်းလင်းခြင်း၊ စာရင်းကောက် လက်စွဲစာစောင်နှင့် စာရင်းကောက်ကျင့်ဝတ်များ ရှင်းလင်းခြင်း၊ မသန်စွမ်း(၅)မျိုး ကောက်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် လက်တွေ့စာရင်း ကောက်ယူခြင်းများကိုဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးသင်တန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သား သင်တန်းသားများ ပါဝင်သော သင်တန်းသား(၉၃)ဦးအား သင်တန်းနည်းပြ(၅)ဦး၊ အ.ထ.က(သဲကုန်း)တွင် သင်တန်းသားသင်တန်းသူ(၈၂)ဦးအား နည်းပြ(၆)ဦးစီဖြင့် နှစ်နေရာခွဲ၍ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်တန်းပြီးဆုံးသွားပါက ဇန်နဝါရီလ(၉)ရက်နေ့မှစ၍ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်တိုးထံမှ သိရသည်။
ဝင့်နန္ဒာဌေး