မော်လမြိုင် ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဥပဒေနှင့်အညီနေထိုင်လျက်ရှိသော လူဦးရေစာရင်းများကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခြင်း (Cross Check) လုပ်ငန်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း၊ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အလေးအနက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းများ ပြုစုနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ပြီး မြေပြင်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ မေလတွင်ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ မဲစာရင်း တိကျမှန်ကန်စေရေးအတွက် လူဦးရေစာရင်းသည် အဓိကကျသလို သတ်မှန်အချိန်အတွင်း ပြီးစီးဆောင်ရွက်နိုင်ရန်လည်း အရေးကြီးကြောင်း၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့သည် သတ်မှတ်ချက်များနှင့်အညီ မဲစာရင်းများပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းမှ လူဦးရေစာရင်းများကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခြင်း (Cross Check) လုပ်ငန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြကာ တက်ရောက်လာသူများမှ လိုအပ်သည်များကို ပေါင်းစပ်ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)