သာယာဝတီမြို့၌ မြို့နယ်အဆင့် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး သင်တန်းပို့ချ

သာယာဝတီ ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးနိုင်ရန်အတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်စာရင်းကောက်ယူရေး မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိစေနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက ဆရာစံခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။

အဆိုပါသင်တန်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆန်းဟိုမှ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်မှုအကြောင်း မြေပြင်တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူရေးအဖွဲ့ (Working Group) တွင် ပါဝင်ကြမည့် အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၏ ဖွဲ့စည်းမှုများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ  ဦးစန်းထူးနှင့် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းကောက်ယူရမည့်ပုံစံများ၊  လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ စာရင်းကောက်ယူရမည့်အုပ်စုများ၊ မသန်စွမ်းစာရင်းများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပေးထားသော သတ်မှတ်ပုံစံဖြင့် သီးခြားကောက်ယူရမည့် လုပ်ငန်းများအား သိရှိနားလည်စေရေးအတွက် သင်ကြားဆွေးနွေးပေးခဲ့ကြသည်။

အဆိုပါသင်တန်းကို ဒီဇင်ဘာ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝတီ (ပြန်/ဆက်)