ပခုက္ကူ ဒီဇင်ဘာ ၂၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ကြက်ခြေနီအခြေခံ ရှေးဦး ပြုစုခြင်းသင်တန်းကို ဒီဇင်ဘာလ ၁၇ ရက်မှ စတင်ပြီး ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ပခုက္ကူခရိုင် ကြက်ခြေနီအသင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်း၏ဦးဆောင်မှုဖြင့် သင်တန်းနည်းပြ(၈)ဦးတို့က “ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်း အခြေခံသဘော တရားများ၊ လူနာစစ်ဆေးခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်းနှင့် သွေးယိုစီးခြင်း၊ သတိ လစ်ခြင်း၊ မူးမေ့ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများမှကိုက်ခံခြင်း၊ အရိုးကျိုးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊ အခြေခံအသက်ကယ်နည်း၊ လူနာကိုင်ဆောင်နည်းနှင့်သယ်ဆောင်နည်း”စသည့် အခြေခံရှေးဦးပြုစုနည်း ဘာသာရပ်များကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့အထိ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိရာ ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ဆိုင်ရာ ဌာနအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ(၂၃၆)ဦး တက်ရောက်ကြကြောင်း၊ ကျောင်းသား၊ ကျောင်းသူ(လူငယ်)များအနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း ဘာသာရပ်များကို စနစ်တကျ သင်ကြားလေ့လာခြင်းဖြင့် လူမှုရေးနှင့်ပရဟိတလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ အနာဂါတ်တိုင်းပြည်အတွက် အားကိုးယုံကြည်ရမည့် ကျောင်းသား၊ ကျောင်းသူ(လူငယ်)များ ကိုယ်တိုင်လူမှုအကျိုးပြု လုပ်ငန်းများ၌ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း တက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောပြသည်။
ဘာမီသာ(ပခုက္ကူ)