နတ်မောက် ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပါ သိရှိထားသင့်သော ပြဋ္ဌာန်းချက်များ ရှင်းလင်းခြင်းဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအသစ်ပြဋ္ဌာန်းချက်တွင် အခန်းပေါင်း(၁၁)ခုရှိပြီး ဥပဒေပုဒ်မပေါင်း (၅၉) ခုပါရှိ၍ နတ်မောက်မြို့နယ်ရှိ အသင်းအဖွဲ့(၉)သင်းမှ ဥပဒေပါအချက်အလက်များအား လေ့လာ ထားရှိစေလိုကြောင်းနှင့် မြို့နယ်အတွင်းရှိ အသင်းအဖွဲ့များမှ လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအလေးထားဆောင်ရွက်ကြရန်နှင့် မိမိတို့အသင်းအဖွဲ့များ၏ လှုပ်ရှားဆောင်ရွက်ချက်များကို (၃)လတစ်ကြိမ် အစည်းအဝေးပြုလုပ်ရာတွင်ဆွေးနွေးကြရန်နှင့် အခက်အခဲများ ရှိပါက တင်ပြရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် အသင်းအဖွဲ့များကလည်း မိမိတို့အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှဝင်း